21 September, 2011

လက်တမ်း by: မြတ်သက်အောင်

သေချာတာကတော့ .....
ငါဟာနွေတွေလို ဆောင်းစားသတ္တဝါမဟုတ်ဘူး။
သေချာတာကတော့ .....
မိုးမရွာပဲငိုနေရတဲ့ရင်ဘတ်တစ်ခုလောလောလတ်လတ်ရှိနေတယ်။
ပတ်ဝန်းကျင်အုံ့မှိုင်းနေပေမဲ့လည်း အငွေ့တလူလူနဲ့။
တရှိန်ထိုးတက်သွားခဲ့တဲ့ကြယ်တံခွန်တစ်ခုဖြစ်ပေမယ့်
အခုတော့တွင်းနက်ရဲ့နှုတ်ခမ်းနားရောက်နေပြီ။
ကဲ.....မင်းဘာဆက်လုပ်မလဲ။
တောက်ပမှုတစ်ခုကိုရပ်ပစ်လိုက်တော့မလား။
သေချင်ရင်လဲသေလိုက်ပါ။ဘာမှမတမ်းတနဲ့။
အများပြောသလို အရစ္စတိုတယ်တွေးသလို မင်းတွေးနေသလား။
 တော်သေးတာပေါ့ မာရ်နတ်က အချစ်ကို ဖန်ဆင်းချိန်မှာ
ဘုရားသခင်က အရက်ကို ဖန်ဆင်းခဲ့လို့။

နှုတ်ဆက်ခြင်းများ by: မြတ်သက်အောင်

ငါဟာဘုရားသခင်လိုအန်စာတုံးတွေနဲ့မကစားတတ်ခဲ့ဘူး။
စေတန်လိုလဲ သစ်သီးကို ဆေးမထိုးခဲ့ဘူး။
ရိုးစင်းနေခဲ့တာတွေကိုဆန်းပြားအောင်လဲမလုပ်ချင်ခဲ့ဘူး။
ဆန်းပြားချင်ယောင်ဆောင်ထားတဲ့ ရိုးစင်းမှုတွေသာငါ့ကိုလာထိမှန်ခဲ့သူ။
ဖြစ်သလိုဖြတ်သန်းနေကြတဲ့လမ်းကြမ်းကြီးမှာ
အတတ်နိုင်ဆုံးဆူးတွေဖယ်ရှားပေးချင်ခဲ့သူ။
ဘဝတွေကိုမော့ကြည့်၊ငုံ့ကြည့်၊တည့်တည့်ကြည့်ရင်း ပြုံးပြနေချင်ခဲ့သူ။
ငါမထင်မှတ်လောက်အောင်ရလာမဲ့ ခါးသီးမှုတွေကိုပွေ့ပိုက်ရင်း
ထောင့်တစ်နေရာကမျှော်ကြည့်ချင်ခဲ့သူ။
ဒါပေမဲ့အာရုဏ်ကျင်းလို့ လင်းလာခါနီးမနက်ခင်းတွေကိုဆောင့်ကန်ဖို့
စောင့်နေကြတဲ့ရင်ဘတ်တွေထဲ တစ်ခုပါဝင်ခဲ့သူပါ။

(အလုပ်ထွက်ခါနီးသူငယ်ချင်းတွေနဲ့ ငါကိုယ်တိုင်အတွက်ပေါ့)

အတွေး(version 1.02) by: မြတ်သက်အောင်

ကြားရတာ အကောင်းအဆိုးဒွန်တွဲနေတဲ့သတင်းတွေ။
တိမ်မည်းတွေကုန်သွားရင် နေတော့ပွင့်မှာပေါ့။
AK-47 ကိုင်ထားတဲ့ ခိုင်ခိုင်မြဲမြဲ့တွဲလက်တွေမြင်ရင် ငါလွမ်းမောနေမိတယ်။
Banana Gun လို့အာဖရိကန်ရဲဘော်တွေခေါ်တဲ့ ဒီသေနတ်ဟာ
တော်လှန်ရေးအဆောင်လက်ဖွဲ့လားပဲ။
အတွေးတွေချာချာလည်သွားမိတယ်။ တစ်ခါတစ်လေမျက်ရည်ဝိုင်းတယ်။
ဗေဒါပန်းတပွင့်ကတော့ အယက်အကန်ခံလို့ ကောင်းနေဆဲ။
လှပတင့်တယ်စွာရှိနေဆဲ။
ပတ်ဝန်းကျငိမတူတော့တာကို ငါတို့ကြောက်လို့ကောင်းနေတုန်းပဲလား။
......တစ်ဘဝစာပဲကြည့်ချင်မိသား။
ဒါပေမဲ့......သေသွားရင်ရော.....ငါတို့လိပ်ပြာလုံနိုင်မလား။
ကိုယ့်အမေးကို ကိုယ့်ဘာသာ အဖြေထုတ်ဆန်းစစ်နေမိတယ်လေ...........။

အတွေး(version 1.01) by: မြတ်သက်အောင်

မနေ့ကအတွေးနဲ့ဒီနေ့အတွေးဘာကွာနေမလဲတော့မသိဘူး။ လူတစ်ယောက်ဟာအကျိုးရှိအောင်လုပ်နေသလား။
အကျိုးယုတ်အောင်လုပ်နေသလား။ခွဲခြမ်းစိတ်ဖြာပြီးမကြည့်ချင်တော့ဘူး။
ကိုယ်တွေးတာ၊သူတွေးတာ....ဝေးမယ်နော်။
မတူညီတဲ့ကွဲပြားမှုတွေကရသတစ်ခုတော့ပေးနိုင်တယ်။
အတ္တတွေ ငယ်ထိပ်ရောက်နေခဲ့တဲ့ကာလတွေ.......ဖြတ်သန်းခဲ့ကြတာပါ။
နောက်တော့လဲဘာမှပါသွားကြမှမဟုတ်တာ။ဆက်လျှောက်နေကြဆဲပါ။
ရည်ရွယ်ချက်တွေ....မျှော်မှန်းမှုတွေမတူညီကြရုံလေးပါ။
ဘာမှတော့မဖြစ်ပါဘူး။ ဘာမှလဲဟုတ်တာမှမဟုတ်ပဲလေ။
ပူနေကြရမှာပဲလေ။လူတွေကိုး။ထမင်းကအလကားစားကြတာမှမဟုတ်ပဲနော်။
ကိုငှက်ရဲ့ "ဥာဏ်ပညာရယ်၊ချစ်ခြင်းတရား " မှန်တယ်။
ချစ်ခြင်းတရားတစ်ခုရဲ့ ဥာဏ်ပညာကို ငါလဲအတိမ်အနက်မသိနိုင်ဘူး။